Monday, December 26, 2011

ကျွနိုပ်ဖတ်ရှုမိတဲ့ စာစုလေးများ



ကိုယ့်ထက် သူများက သာတဲ့အချက် ရှိနိုင်ပါတယ်။ သူများထက် ကိုယ်က သာတဲ့အချက်လည်းရှိနိုင်တာပဲ၊ သူများထက်သာတယ်လို့လည်း မတွေးချင်ပါဘူး၊  အဲလိုတွေးရင်သူများကို နှိပ်ရာရောက်တယ်နော်၊ သူများက ငါ့ထက် သာတယ်လို့လည်း မတွေးချင်ဘူး၊ အဲဒီလိုတွေးရင်လည်း ကိုယ့်ကိုယ် ကိုယ်နှိမ်ရာရောက်တယ်၊ ဘယ်ဟာကောင်းလဲ၊ ဘယ်ဟာမှမကောင်းဘူး။ 

@  @  @  @  @  @  @  @

တစ်ဖက်က မှားနေလို့ ကိုယ်ကပါ လိုက်မှားရင် အမှားနှစ်ခုဟာ အမှန်တစ်ခု ဖြစ်မလာနိုင်ဘူး။ သူကမှားနေလို့ ကိုယ့်မှာ မှားပိုင်ခွင့်ရှိတယ်လို့ သဘောထားလို့ မရဘူး၊ သူအမှားက ကိုယ့်အမှားကို အမှန်ဖြစ်အောင် လုပ်မပေးနိုင်ဘူး။ 

@  @  @  @  @  @  @  @

သူများမကောင်းကြောင်းကို အချိန်ကုန်ခံပြီးတော့ ပြောမနေပါနဲ့၊ သူများအပြစ်ကို အချိန်ကုန် ခံပြီး ပြော မနေပါနဲ့ အဲဒီလို အချိန်ကုန်ခံပြီး ပြောနေရင် အဲဒီအချိန်တွေဟာ ကောင်းတဲ့နေရာမှာ မသုံးလိုက်ရတဲ့ အတွက်ကြောင့် ကိုယ့်ဘ၀ဟာ တိုးတက်မှု၊ ရင့်ကျက်မှု ဖြစ်မလာနိုင်ဘူး။ 

@  @  @  @  @  @  @  @

ဘုရားလက်ထက်က ပုဏ္ဏားတစ်ယောက်ဟာ ဘုရားကိုလာပြီး ဆဲတယ်။ အကြာကြီး ဆဲနေလည်း မြတ်စွာဘုရားက ဘာမှပြန်မပြောဘူး။ ကြာတော့ ပုဏ္ဏားကြီးလည်း သူ့ဟာသူ ရပ်သွားတာပဲ။ ရပ်သွားပြီးတော့ သူဒီလောက်ကြီးဆဲနေတာ ဘာဖြစ်လို့ ပြန်မပြောတာလည်းလို့ ဘုရားကိုမေးတယ်။

ဘုရားက- သင့်ကို ဥပမာလေးနဲ့ ပြောမယ်တဲ့။ သင်က လက်ဆောင်ပစ္စည်းတစ်ခု ပေးချင်လို့ ယူလာတယ်၊ ယူလာပြီးတော့ ရော့ ဒီပစ္စည်းလေးကို ယူပါလို့ပေးတယ်။ ပေးတဲ့အခါမှာ မယူချင်ပါဘူးလို့ ငြင်းလိုက်လို့ရှိရင် အဲဒီပစ္စည်းဟာ ဘယ်သူ့လက်ထဲမှာရှိနေမလဲတဲ့။ ပုဏ္ဏားကြီးက.. ကိုယ့်လက်ထဲမှာပဲ ရှိနေမှာပေါ့တဲ့၊ အဲဒီလိုပဲ သင်ဆဲတာကို ငါဘုရားက မယူဘူးတဲ့။ ဘာပဲဖြစ်ဖြစ် ကိုယ်ကယူလိုက်မိလို့ ကိုယ်ရလိုက်တာ ကိုယ်ခံ လိုက်ရတာပါ။ 

@  @  @  @  @  @  @  @

သင်ဘယ်လိုလူလဲဆိုတာ သိချင်ရင် သင့်ပတ်ဝန်းကျင်က လူတွေကို သင်ဘယ်လိုဆက်ဆံနေတယ် ဆိုတာကို အကဲခက်ပါ။ ကိုယ့်ရဲ့ဆက်ဆံရေးဟာ ကိုယ့်အရည်အသွေးကို ဖော်ပြနေပါတယ်။ 

@  @  @  @  @  @  @  @

အခုလက်ရှိရထားတဲ့  အခြေအနေကို ပြန်သုံးသပ်ကြည့်လိုက်ပါ။ တန်ဖိုးရှိရှိသုံးပါ။ အချိန်ဟာ ရွှေထက် တန်ဖိုးရှိနေပါတယ်။ ရွှေကျင်ဖို့သွားတဲ့လူတွေဟာ ရွှေအတုံးလိုက် အခဲလိုက်ရလိုက်တာမဟုတ်ပါဘူး။ သဲတွေ နုန်းတွေကို ဆေးရင်း ဆေးရင်းနဲ့ နဲနဲချင်း ရွှေကိုရလိုက်တာပါ။ အဲဒီလိုပဲ ကိုယ့်ဘ၀မှာ ရှိသမျှ အချိန်ကလေး တွေကို တန်ဖိုးထားလိုက်ပါ။

@  @  @  @  @  @  @  @

လူအများဟာ ဘ၀ကို Doing နဲပဲ တိုင်းတာလေ့ရှိတယ်။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကလည်း ဒီ Doing ကို ကြည့်ပြီးတော့ပဲ လူကို အသိအမှတ်ပြုတယ်။ သူက ဘာလုပ်နေတာ၊ သူက ဘယ်သူ၊ သူကဆရာဝန်၊ သူက အင်ဂျင်နီယာ၊ သူကတရားသူကြီး၊ သူကကျောင်းဆရာ စသည်ဖြင့် ရာထူးအဆင့်အတန်းကို ကြည့်ပြီးတော့ လူကို တိုင်းတာတယ်။ အသိအမှတ်ပြုတယ်။ အဲဒီ Doing တစ်ခုထဲနဲ့ ဘ၀ကို တိုင်းတာတဲ့သူဟာ Doing ကို မလုပ်နိုင်တဲ့အခါမှာ သူ့ဘ၀ကို တိုင်းတာစရာ မရှိတော့ဘူး။

@  @  @  @  @  @  @  @

Don’t Forget, ‘ Beginning is half done and half-won’ Make a start today.
စမိပြီဆိုရင် တစ်ဝက် ပြီးသလိုပဲ၊ တစ်ဝက် အနိုင်ရသွားတယ်။ အဲဒါကိုမမေ့ပါနဲ့၊ ဒီနေ့ပဲ စလုပ်လိုက်ပါ။

@  @  @  @  @  @  @  @

ခရီးရောက်ချင်ရင် ရပ်မနေဖို့ပဲ အရေးကြီးပါတယ်၊ နှေးတာက အရေးမကြီးပါဘူး။ 

@  @  @  @  @  @  @  @

ကိုယ့်ငွေတွေနဲ့ အချိန်တွေ အကျိုးမဲ့ လေလွင့်မှုဖြစ်နေတာ၊ ကုန်သွားနေတာကို ဘယ်သူ မဆို နှမြောတတ်ကြတယ်။ အဲဒီလိုပဲ ကိုယ့်စိတ်အင်အားတွေ၊ စိတ်ကြည်လင်မှုတွေကို မဖြစ်စလောက်ကိစ္စ အသေးအမွှားလေးတွေနဲ့ နေ့စဉ် စိတ်တိုဒေါသဖြစ်ရင်း ကုန်သွားနေတာကို နှမြောတတ်ဖို့ လိုပါသေးတယ်။

@  @  @  @  @  @  @  @


အရေးမကြီးတဲ့ ရပိုင်ခွင့်တချို့ကို မရမက ရအောင် မယူလိုက်ပါနဲ့၊ ရအောင်လည်း မလုပ်ပါနဲ့။ 

@  @  @  @  @  @  @  @

အခုသက်သာအောင်နေရင် ရေရှည်မှာ မသက်သာဘူး၊ အပျော်အပါးကို ဦးစားပေးပြီးတော့ ရေရှည်မှာ အကျိုးရှိမယ့်အလုပ်ကို မလုပ်တဲ့သူဟာ ရေရှည်မှာ မပျော်နိုင်တော့ဘူး။ 

@  @  @  @  @  @  @  @

 စာမှတ်စု

Show/Hide

Read more...

Wednesday, October 5, 2011

စတာပါ..


မင်းကိုငါစတာပါကွာ.. စတာလေးတောင် မခံနိုင်ဘူးလားဆိုတဲ့ စကားလေးနဲ့တော့ အားလုံးရင်းနှီးဖူးကြလိမ့်မယ် ထင်ပါတယ်။ စိတ်ထဲကမှမပါတာ စယုံသက်သက်ကို ဘာမှအပြစ်မဖြစ်ပါဘူးကွာဆိုပြီး ပြောတဲ့သူတွေလည်း ရှိကြပါသေးတယ်။ တကယ်တော့ စတယ် နောက်တယ် ပြောင်တယ် လှောင်တယ် ဆိုတဲ့ စကားလုံးတွေဟာ ပေါ့ပေါ့လေးပဲ ထင်ရပါတယ်နော်။ တကယ်တမ်းလည်း ပေါ့ပေါ့လေးပဲ တွေးတတ် ပြောတတ်ကြပါတယ်။ သူငယ်ချင်းအချင်းချင်း မိတ်ဆွေအချင်းချင်း စကြနောက်ကြတာဟာ ပျော်စေပျက်စေဆိုတဲ့ စိတ်ထဲကအညှိုးအတေးမပါကြတာများပါတယ်.. ဒါပေမယ့် ကိုယ်လုပ်လိုက်တဲ့ အပြုအမူတစ်ခု ကိုယ်ပြောလိုက်တဲ့ စကားလေးတစ်ခွန်းဟာ ကိုယ့်အတွက်တော့ ပျော်စေချင်ယုံသက်သက် ထင်ရပေမယ့်.. တစ်ပါးသူရဲ့ရင်ထဲမှာတော့ အကုသိုလ်အစွန်းထင်းတွေ ထင်ကျန်သွားတတ်ပါတယ်။ စတယ် နောက်တယ် ပြောင်တယ် လှောင်တယ်ဆိုတဲ့ အပြုအမှုတွေမှာ ကိုယ်အမူရာအားဖြင့် ရှိသလို၊ နှုတ်စကားအားဖြင့်လည်း ရှိတတ်ပါတယ်။ အရင်ဦးဆုံးကတော့ လူတစ်ယောက်ကို စချင်နောက်ချင်ရင် စိတ်ထဲမှာ အရင်ဆုံးတွေးကြံရတာပါပဲ။ စိတ်ထဲမှာအရင်ဆုံး တွေးကြံပြီဆိုကထဲက မိမိသူတစ်ပါး အကျိုးမရှိတဲ့အလုပ်ဖြစ်နေတဲ့အတွက် အကုသိုလ်က စတင်ဦးတည်နေပါတယ်။ စပြီနောက်ပြီဆိုကထဲက ဟုတ်တာကို မဟုတ်သလို ပုံစံမျိုးနဲ့ စတင်ပြီး ဟန်ဆောင်ကြရတာရှိသလို.. ညစ်ညမ်းရင့်သည်းပြီး အကျိုးမရှိတဲ့စကားလုံးတွေကို အများဆုံး သုံးနှုန်းထားရတာတွေ ရှိတတ်ပါတယ်။

စတယ် နောက်တယ် ပြောင်တယ် လှောင်တယ်ဆိုတဲ့ အကြောင်းလေး ပြောမိတော့ အရင်ဆုံး သတိရမိတာက.. စူလသုဘဒ္ဒါမိဖုရားနဲ့ ဆန္ဒန်ဆင်မင်း အကြောင်းလေးပါပဲ။ ငယ်စဉ်တုန်းက ဖတ်ဖူးမှတ်ဖူးခဲ့မိတဲ့ စလေဦးပုညရေးသားတဲ့ ဇတ်တော်လေးတစ်ခုပါပဲ။ ဒီအကြောင်းရာလေးရဲ့ မူလဖြစ်ပေါ်လာခြင်းကလည်း လှောင်သလို စသလို ကျီစားသလို ဖြစ်မိတာက စလိုက်တာပါပဲ။ ဆန္ဒန်ဆင်မင်းအနေနဲ့ သူပြုမူလိုက်တဲ့ အပြုအမူကို ဘာမှမဖြစ်လောက်ပါဘူးလို့ ထင်လိုက်ပေမယ့်.. ခံစားလိုက်ရတဲ့ စူလသုဘဒ္ဒါဖြစ်လာမယ့် ဆင်မလေးမှာတော့ အမုန်းတရားတွေဆင့်ပွားပြီး အာဃာတအငြိုးအတေးတွေ ရင်ဝယ်ကို ပိုက်စေခဲ့ရတာပါ။ နောက်ဆုံးတော့ ဆင်မင်းလည်းသေ မိဖုရားလဲ ရင်ကွဲနာကျနဲ့.. အကြောင်းမလှမပနဲ့ ဇတ်သိမ်းခဲ့ရတဲ့ အဖြစ်ပျက်လေးကို အားလုံးသိမယ်ထင်ပါတယ်။ ဒါတွေဘယ်ကစလဲဆိုတော့.. ကိုယ်ပြုမူလိုက်တဲ့ အပြုအမူတစ်ခုဟာ တစ်ပါးသူအပေါ်မှာ ဘယ်လောက်အထိ စိတ်ထဲမှာ အနာတရဖြစ်သွားစေနိုင်လဲဆိုတာကို မစဉ်းစားပဲ ပြုလုပ်မိတတ်ကြတဲ့ အကြောင်းတရားတွေက စတင်ဖြစ်ပေါ်လာရတာပါပဲ။ ဒါလေးတွေဟာ တကယ်တော့ အသေးဖွဲလေးတွေလို့ ထင်မိကြမှာပါပဲ။ ဒါပေမယ့် အသေးဖွဲလေးတွေကနေ တစ်ဦးနဲ့တစ်ဦး မလိုလားအပ်တဲ့ အကုသိုလ်တွေ အဃာတအမုန်းတွေကို ပွားစေခဲ့ရတာပဲ မဟုတ်ပါလား။ ဒီတော့ စဉ်းစားဆင်ခြင်သင့်လှပါတယ်။

အထက်ဖော်ပြပါအကြောင်းရာလေးမှာ ပုထုဇဉ်လူသားဖြစ်တဲ့ စူလသုဘဒ္ဒါမိဘုရားလိုလူမျိုးကိုမှ ဖြစ်စေတာ မဟုတ်ပါဘူး။ နတ်ပြည်မှာ့ နတ်သားတစ်ပါးလဲ စခြင်းနောက်ခြင်း လှောင်ခြင်းပြောင်ခြင်းရဲ့အကုသိုလ်ကြောင့် အ၀ီစိငရဲထိ ကျရောက်ခဲ့ရတဲ့ ကဿပမြတ်စွာဘုရားရှင် လက်ထက်က အကြောင်းရာလေးလည်း ရှိခဲ့ပါတယ်။ ကဿပဘုရားရှင် လက်ထက်တော်အခါတုန်းက အလွန်ဝိနည်းမိုရ်ကြတဲ့ ရဟန်းနှစ်ပါးဟာ တစ်ဦးနဲ့တစ်ဦး အင်မတန်မှ ချစ်ခင်ကြည်ညိုကြပြီး တစ်နေရာတည်းမှာ အတူသတင်းသုံးကြပါတယ်။ အဲ့ဒီ့ရဟန်းနှစ်ပါးကို စောင့်ကြည့်နေတဲ့ တာဝတိံသာက အမည်မထင်ရှားတဲ့ နတ်သားတစ်ပါးလည်း ရှိပါတယ်။ ဒီနတ်သားဟာ ထိုရဟန်းနှစ်ပါးကို တစ်ဦးနဲ့တစ်ဦး တကယ်ချစ်ခင်ကြရဲ့လား မချစ်ခင်ကြဘူးလားဆိုတာကို စပ်စုပြီး စချင်နောက်ချင်တဲ့ စိတ်လေးဝင်လာပါတယ်။ ဒါနဲ့ တစ်နေ့တော့ ရဟန်းနှစ်ပါးအတူတူ ခရီးတစ်ခုကို သွားလာနေတဲ့အချိန်မှာ ရဟန်းတစ်ပါးက တပိုတပါးသွားလိုလို့ ချုံထဲကိုဝင်ပါတယ်။ ချုံထဲဝင်ပြီး ပြန်ထွက်လာတဲ့အချိန်မှာ နတ်သားက မိန်းမအသွင်ဖန်ဆင်းပြီး ရဟန်းနောက်က ကိုယ်ထင်ပြကာ အပြင်မှာစောင့်နေတဲ့ရဟန်းမြင်အောင် ထွက်ပြလိုက်ပါတယ်။ ချုံထဲကထွက်လာတဲ့ရဟန်းကတော့ မိန်းမအသွင်ဖန်ဆင်းထားတဲ့ နတ်သားကိုမမြင်ရပါဘူး။ အဲ့အချိန်မှာပဲ အပြင်မှာရပ်စောင့်နေတဲ့ရဟန်းက စတင်ပြီး အထင်လွဲပါတော့တယ်။


ဒီရဟန်းဟာ ချုံထဲမှာ သီလပျက်တဲ့အမှုကို ပြုခဲ့ပြီဆိုပြီး သူ့အဖော်ရဟန်းကို အထင်လွဲကာ အချင်းချင်း စိတ်ဝမ်းကွဲသွားကြပါတော့တယ်။ အပြင်မှာစောင့်နေတဲ့ရဟန်းဟာ သူ့အဖော်ရဟန်းကို စွပ်စွဲပြောဆိုပါတယ်။ အဲ့ဒီ့အချိန်မှာပဲ စွပ်စွဲခံရတဲ့ရဟန်းကလည်း စိတ်မကောင်းဖြစ်နဲ့ တစ်ဦးနဲ့တစ်ဦး သံသယတွေပွားများစေပြီးတော့ မခေါ်မပြောကြတော့ပါဘူး။ ဒါနဲ့ တစ်ဦးနဲ့တစ်ဦးအထင်လွဲအောင် စမိခဲ့တဲ့နတ်သားလည်း နောင်တရပြီး သူ့စမ်းသပ်ချက်ဟာ လွန်သွားပြီ၊ သူတော့တူသော အကျိုးပေးတော့မှာပဲဆိုပြီး ရဟန်းများမြင်သာအောင် ကိုယ်ထင်ပြပြီး သူ့ရဲ့အပြစ်ကို ခွင့်လွှတ်တော်မူကြပါလို့ လျောက်ထားပြောဆိုပါတယ်။ ရဟန်းနှစ်ပါးကလည်း နတ်သားကို ခွင့်လွှတ်တော်မူခဲ့ပါတယ်။ ဒါပေမယ့် ရဟန်းနှစ်ပါးဟာ အရင်ကလိုတော့ ချစ်ခင်လေးမြတ်စွာ ဆက်ဆံခြင်း မပြုနိုင်ကြတော့ပဲနဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ကင်းကင်းပဲ နေကြပါတော့တယ်။ စမ်းသပ်ခံပြီး စနောက်ခြင်းခံလိုက်ရတဲ့ရဟန်းနှစ်ပါးကတော့ အပြစ်မရှိကြတဲ့အတွက် သေလွန်တဲ့အခါမှာ တရားဘာဝနာအားထုတ်ထားသည့်အလျောက် ကောင်းကျိုးခံစားရပြီး.. အချင်းချင်းညီညွှတ်နေတဲ့ ရဟန်းနှစ်းပါးရဲ့စိတ်ဝမ်းကို ကွဲပြားအောင်လုပ်ဆောင်ခဲ့တဲ့ နတ်သားမှာတော့ အဲ့ဒီ့အကုသိုလ်စိတ်ကြောင့်ပဲ သေလွန်တဲ့အခါ အ၀ီစိငရဲအထိ ကျရောက်ခံစားခဲ့ရပါတယ်။ သူ့ရဲ့အကုသိုလ်ကံအကျိုးပေးက ဂေါတမဘုရားရှင် ပွင့်တော်မူတဲ့အချိန်မှသာ အ၀ီစိငရဲမှ လွတ်ခဲ့ရပါတော့တယ်။


ဂေါတမဘုရားရှင်လက်ထက်တော် ရောက်တဲ့အခါမှာတော့ စခဲ့နောက်ခဲ့မိတဲ့ နတ်သားဟာ သာဝတ္ထိပြည်မှာ ဘုရားရှင်ရဲ့ တပည့်သားရဟန်းတစ်ပါးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူသွားနေတဲ့နောက်ပါးမှာ မိန်းမတစ်ယောက် ကပ်ပါနေတဲ့အရိပ်ပုံစံ အမြဲဖြစ်နေပြီးတော့ ဘယ်သူကမှ ထိုရဟန်းကို မကြည်ညိုနိုင်ကြပဲ ဖြစ်နေကြပါတယ်။ သူလုပ်ခဲ့တဲ့ အကုသိုလ်ကံအကြောင်းတရားက အကုသိုလ်အကျိုးတရားကို ပြန်လည်ပေးဆပ်နေရတဲ့ သဘောပါပဲ။ ဒီအကုသိုလ်ကို အကြောင်းပြုပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ရဟန်းတော်တွေကို ပြန်လည် ဟောပြဆုံးတော်မူပါတယ်။ သူတစ်ပါးရဲ့အပြစ်ကို လိုက်လံကြည့်တတ်တဲ့ အကုသိုလ်အကျင့်ဆိုးတွေရဲ့ အကြောင်းတရားကြောင့် အကုသိုလ်အကျိုးတရားတွေ ထပ်ဆင့်ခံစားရတယ်ဆိုပြီး ထိုရဟန်းကိုအကြောင်းပြုကာ အတိတ်ဆောင်ပြီး ဟောပြဆုံးမတော်မူတဲ့အခါမှာပဲ ထိုရဟန်းလည်း သံဝေဂအကြီးကျယ်ရကာ အာသဝေါကုန်ခမ်းတဲ့ ရဟန္တာဖြစ်တော်မူပြီး အကုသိုလ်စက်ကွန်းမှ လွတ်ကင်းခဲ့ရပါတယ်။ အခြားသော ရဟန်းများလည်း သံဝေဂရတော်မူကြပြီး အရိယာတွေ ဖြစ်သွားကြပါတယ်။ ဒီအကြောင်းရာလေးဟာ တကယ်တော့ စခဲ့နောက်ခဲ့မိတဲ့ အကုသိုလ်အကျင့်ဆိုးကို အခြေခံပြီးတော့.. တစ်ပါးသူတွေရဲ့နေရာမှာဝင်ပြီး တစ်ပါးသူတွေကို ဒုက္ခပေးတတ်တဲ့အကုသိုလ်အကျင့်ဆိုးတွေကြောင့် ဖြစ်ခဲ့ရတာပါပဲ။ လုပ်ခဲ့မိတဲ့အကုသိုလ်နဲ့ ပေးဆပ်လိုက်ရတာကတော့ အဆမတန်ရအောင်ပါပဲနော်။


တကယ်တော့ ကိုယ်ကဘာမှမဖြစ်ပါဘူးလို့ ထင်လိုက်တဲ့အပြုအမူလေးတစ်ခုဟာ သီလ၊ သမာဓိ၊ ပညာ ကြီးကျယ်မြင့်မြတ်ရင် မြင့်မြတ်သလောက် အကုသိုလ်အပြစ်ဟာလည်း ကြီးကျယ်ခံစားရစေပါတယ်။ သီလ၊ သမာဓိ၊ ပညာပေါ်မူတည်ပြီး ရရှိလာတဲ့ အကုသိုလ်အကြောင်းတရားတွေဟာ ပေးဆပ်ရတဲ့အချိန်မှာတော့ အဆမတန်ပါပဲ။ ကိုယ်ကစိတ်ထဲကမပါပေမယ့်.. တစ်ပါးသူမှာ ကိုယ့်ကြောင့် အကုသိုလ်တွေ အဆမတန်ဖြစ်သွားတဲ့အတွက်.. အဲ့ဒီ့အကုသိုလ်ရဲ့အကျိုးတရားကိုတော့ ကိုယ်ကိုယ်တိုင်ပဲ ပြန်လည်ပေးဆပ်ရတာပါ။ ဘယ်သူမပြု မိမိမှုပဲပေါ့။ ဒါကြောင့်မို့လည်း ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မုသားဆိုရယ်စရာတောင်မပြောနဲ့လို့ ဟောပြဆုံးမခဲ့တာ မဟုတ်ပါလား။ ပြုမူပြောဆိုကြံစီလုပ်ဆောင်နေတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံအမှုတွေမှာလည်း မလုပ်ခင်စဉ်းစား၊ လုပ်နေတုန်းမှာလည်းစဉ်းစား၊ လုပ်ပြီးရင်လည်း စဉ်းစားပါဦး.. မိမိသူတစ်းပါးအပြစ်မကင်းရင် အကျိုးမရှိရင် ဘယ်အရာမှ မလုပ်မိစေနဲ့လို့ ဆုံးမပေးခဲ့တာမဟုတ်ပါလား။ ဘုရားရှင်ရဲ့ အဆုံးမတွေဟာ အင်မတန် အကျိုးကျေးဇူးများလှပါပေတယ်။


အထက်ဖော်ပြပါအကြောင်းရာလေးနှစ်ခုဟာ မြင်သာအောင်သာ အနည်းငယ်ဆွဲထုတ်ပြလိုက်ရတာပါ။ ဖြန့်တွေးနိုင်ရင်တွေးနိုင်သလောက် အကျိုးတွေရရှိစေနိုင်ပါတယ်။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတော်တွေ ဖြည့်ကျင့်ပြီးရရှိလာတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ သဗ္ဗေညုတရွှေဥာဏ်တော်ကြောင့်သာလျှင် ဒီလိုအကုသိုလ်အမှုတွေပြုရင် ဒီလိုပြန်လည်ပေးဆပ်ရတယ် ဆိုတာကို သိရှိလာရတာပါ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးသာ လောကအလယ် ပွင့်ထွန်းတော် မမူခဲ့လျှင်.. “ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘ၀မသိရ များလှအပြစ်တွေ” ဆိုတဲ့အတိုင်းပါပဲ.. ကိုယ်ပြုခဲ့တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံအမှုတွေဟာ ကုသိုလ်မှန်းမသိ အကုသိုလ်မှန်းမသိနဲ့ အပြစ်များရင် များသည့်အလျောက် သံသရာတလျောက်မှာ ခန္ဓာနဲ့အဆမတန် ပေးဆပ်ကြရအုံးမှာပါ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ကျေးဇူးတော်ကား ကြီးမားပါပေစွ။


တကယ်တော့ ကိုယ်တိုင်ကလည်း ပုထုဇဉ်ဖြစ်နေတဲ့အတွက် အမှားဆိုတာတော့ ရှိနေမှာပါ.. အမှားနဲ့လည်း မကင်းနိုင်သေးပါဘူး။ ဒါပေမယ့် ဘုရားရှင်ဟောပြခဲ့တဲ့ အဆုံးမတွေနဲ့ နီးသထက်နီးအောင် ကိလေသာအကုသိုလ်ဆိုးတွေ ပါးသထက်ပါးအောင်တော့ အချိန်တိုင်း ကျင့်ကြံပြီးတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ကျေးဇူးတရားတွေကို အမြတ်တနိုးတန်ဖိုးထားနေရမှာပါ။ ဒ့ါကြောင့် ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောပြဆုံးမသလိုပါပဲ.. ကိုယ်ပြုသောအမှု တစ်ပါးသူအား မထိခိုက်စေပဲနဲ့.. ပြုမူပြောဆိုကြံစီလုပ်ဆောင်နေတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံအမှုတွေမှာလည်း မလုပ်ခင်စဉ်းစား၊ လုပ်နေတုန်းမှာလည်းစဉ်းစား၊ လုပ်ပြီးရင်လည်း စဉ်းစားပြီး အကုသိုလ်အမှုတွေနဲ့ ကင်းဝေးသထက် ကင်းဝေးနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်..။



ဝန်ခံချက်...  ဓမ္မမေတ္တာမှ
Show/Hide

Read more...

Sunday, August 21, 2011

ဦးဗဂျီငို၏ အတွေးအမြင်များ




''ပါပသ္မိံရမတိမနော" ဆိုသည်နှင့်အညီ စိတ်သည် မကောင်းသောကို စဉ်းစား မကောင်း တာကိုဖက်ရှုပါက မကောင်းတာကို လုပ်ချင်တက်သဖြင့် ကောင်းတာကိုစဉ်းစား ကောင်းတာ ကိုရွေး၍ဖက်ပါ။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အစဉ်ကြံစည်နေသူသည် အကြံကောင်းကို ရရှိ၏။ အကြံကောင်းကို ရရှိပြီးစ၍မလုပ်က အကျိုးမများချေ။ မကြံစည်ဘဲနေသူနှင့်လည်း ဘာမျှမခြားပေ။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ကျောက်သည် အရေလည်အောင် အကွက်လည်အောင် အသွေးခံမှ အရောင်ပြောင်လက်၏။ အိုးသည် ခပ်နာနာအရိုက်ခံရမှ အိုးကောင်း၏။ အထွက်အထိပ်သို့ ရောက်လိုသူများ သည်လည်း အနှောက်အယှက် အဖျက်အဆီးများစွာနှင့် တွေ့ဆုံခဲ့ရသူများသာဖြစ်လေသည်။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

လောက၌ ပညာရှိဖြစ်ခြင်းသည်လည်း ကောင်း၏။ သူဋ္ဌေးဖြစ်ခြင်းသည်လည်း ကောင်း၏။ ထို့အတူ သူတော်ကောင်းဖြစ်ခြင်းသည်လည်းကောင်း၏။ ပညာရှိဖြစ်ရန် အစဉ်ကြိုးစား နေသူသည် ပညာရှိဖြစ်နိုင်၏။ သူဋ္ဌေးကြီးကား မဖြစ်နိုင်။ သူဋ္ဌေးကြီးဖြစ်ရန် အစဉ်ကြိုးစား နေသူသည် သူဋ္ဌေးဖြစ်နိုင်၏။ ပညာရှိမဖြစ်နိုင်။ ထို့အတူ သူတော်သူမြတ် သူတော်ကောင်း ဖြစ်ရန် ကြိုးစားနေသူသည် မကြာမီ သူတော်သူမြတ် ဖြစ်မည်ကား မလွဲ၊ သို့သော် သူဋ္ဌေးကြီး ကားမဖြစ်နိုင်။

ထို့ကြောင့် တိုးတက်ကြီးပွားလိုသူသည် အထက် ၃-လမ်းတွင် ဘယ်လမ်းလိုက်မည်ကို မိမိကိုယ်တိုင် ပထမရွေးချယ်၍ လိုက်နာဆောင်ရွက်ကြိုးစားရမည်။ သိုမှသာလျှင် မိမိလိုရာသို့ ရောက်ရှိနိုင်လေသည်။

တိုးတက်မှုသည် နောင်တွင်မရှိ၊ ရှေ့တွင်သာရှိ၏။ နောက်ကိုဆုတ်ဖို့ရန် အဘယ်အခါမျှ စိတ်မကူးနှင့်၊ နောက်ဆုတ်ဖို့မှာ သူ့အလိုလိုဖြစ်လျှင်ဖြစ်ပါစေ ရှေ့သို့တိုးဖို့ရန် လုပ်ရမည်မှာ လူတိုင်း၏တာဝန်။

ဧည့်သည် တရုတ်-ကုလား လူမျိုးခြားများသည် မြန်မာပြည်သို့ နံငယ်ပိုင်းနှင့်လာ၍ မကြာမီ ကြီးပွားလာကြပါလျက် အိမ်ရှင် 'တို့မြန်မာ ' များမှာ မိမိအိမ်တွင် ဘယ်နေရာဘာရှိသည်ကို သိပါလျက် ဆင်းရဲနေရခြင်းမှာ ကံကြောင့်လော၊ ဉာဏ်ကြောင့်လော၊ ၀ီရိယကြောင့်လောဟု ကျမ်းထုက်ကာ စဉ်းစားဆင်ခြင်စရာတစ်ရပ်ပ်ဖြစ်၏။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

တကယ်တန်း တိုးတက်ကြီးပွားလိုလျှင် ကံကိုမစောင့်နေနှင့် ကံကိုသွားခေါ်ပါ။ သို့သော် ကံကမလိုက်ဘဲ ရှိတတ်သဖြင့် ၄င်း၏ အဖော်သဟဲဖြစ်သော ကုသိုလ်ကောင်းမှုပြုခြင်း၊ မပျင်းမရိဘဲ ဉာဏ်နှင့်ယှဉ်၍ ကြိုးစားခြင်း၊ အလုပ်များကိုလုပ်၍ ၄င်းကံကိုခေါ်ပါ။ ထိုကံ ဤကံ အဘယ်ကံမဆို မိမိခေါ်ရာသို့ ရောက်ရှိမည်ကား အမှန်ပင်။

ရှင်ဘုရင်ဖြစ်မည့်သူမှာ ရာဇပလ္လင်ဖင်ကပ်ပါလာသည်ဟု ဆိုရိုးရှိစေကာမူ သူဌေးဖြစ်မည့်သူမှာ ငွေထုပ်ကိုကိုင်၍ မွေးလာကြသည်မဟုတ်ကြချေ။ မိဘဘိုးဘွားလက်ထက်၌ အလွန်အမင်းဆင်းရဲ ကြစေကာမူ ၄င်းတို့လက်ထက်၌ လူချမ်းသာ၊ လူကုံထန်အထက်တန်းစားများ ဖြစ်ခဲ့သူများ အရပ်ရပ်အရွာရွာ အမြို့မြို့တွင် ရှိကြလေသည်။ ထိုသို့မိမိတို့လက်ထက်ကျမှ ကြီးပွားတိုးတက် ချမ်းသာလာကြသူများအထဲတွင် မိမိလည်းမပါရဟု မည်သူမျှ ဟန့်တားခြင်းငှါ မတက်နိုင် ချေ။ မိမိလုပ်ရည်ကြံရည်ရှိပါက ပါဝင်နိုင်သည်သာတည်း။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

လူတိုင်းလူတိုင်းတို့သည် မိမိတို့ကိုယ်ကို တစ်ရပ်လုံး၊ တစ်မြို့လုံးက၀ိုင်း၍ချစ်သည်။ မုန်းသူမရှိဟုဆိုခြင်းကို နှစ်လိုကြကုန်၏။ ထိုသို့တစ်ရပ်လုံး၊ တစ်မြို့လုံးတွေ့မြင်သူအပေါင်းတို့ ချစ်ခင်ခြင်းခံရရန်မှာ "သူ့သဘော လိုက်လျောညီထွေ ပေါင်းတက်လေ" ဆိုသောစကားအရ ဆက်ဆံပေါင်းသင်သွားခြင်းသည် ခရီးအရောက်ဆုံးလုပ်ငန်းဖြစ်လေသည်။

သူ့သဘော လိုက်လျောညီထွေ၊ ပေါင်းတက်စေ ဆိုသောစကားကို အသေစိတ်၍ သိရန်မှာ၎င်းပြောဆိုချက်ကို မိမိမနှစ်သက် မနှစ်မြို့သော်လည်း တစ်ချက်တည်း တဲ့တိုးပြန် လှန်ချေပခြင်း မပြုဘဲ ၄င်းပြောသူ နားခံသာအောင် အကျိုးအပြစ်ကို အေးချမ်းသာယာ နားဝင်အောင် ပြောဆိုနိုင်ဖို့သည် အလွန်အရေးကြီးလေသည်။

စကားတစ်ခုကို နားဝင်ချိုအောင်လည်း သုံးစွဲနိုင်၏။ ရင့်သီးအောင်လည်းပြောဆိုနိုင်၏။ ဥပမာ- ခင်ဗျား၏ မွေးသဖခင်ဆိုသော စကားကို ခင်ဗျားအမေ့လင်ဟု သုံးစွဲလိုက်လျှင် အတော်ပင် အခံရခက်၍ ထထိုးချင်လာမည်ကား မလွဲချေ။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ရိုးသားဖြောင့်မတ်ခြင်း

လူတို့တွင် ရိုးသားဖြောင့်မတ်ခြင်းမှာ တကယ်တန်း တိုးတက်ကြီးပွားလိုသူတို့အတွက် အထူး အရေးကြီးဆုံး အချက်ကြီးဖြစ်လေသည်။ ၄င်းရိုးသားဖြောင့်မတ်ခြင်းမှကင်း၍ အဘယ်သူမျှ အဓွန့်ရှည်စွာ မကြီးပွားနိုင်။ ထို့အတူ အလုပ်တွင်လည်း မှန်ကန်ခြင်းသည် အထူးအရေး ကြီးပေသည်။ ၄င်းမှန်ကန်ခြင်းမှ ကင်းခဲ့မူ အဘယ်အလုပ်မျှ မတိုးတက် မကြီးပွားနိုင်။ ၄င်း အချက်နှစ်ခုကို အနောက်နိုင်ငံသားများက လူအတွက် (ရိုးသားဖြောင့် မတ်ခြင်း ဂုဏ်နှင့် ပြည့်စုံခြင်း- Honesty)ဟု ခေါ်ဆို၍ အလုပ်အတွက် (စေ့စပ်သေချာ၍ အမှားအယွင်းမရှိ၊ တိကျမှန်ကန်ခြင်း-Accuracy)ဟု ခေါ်ဆိုကြလေသည်။ ထိုနှစ်ခုကင်းနေမူ လူသည်လည်း ကောင်း၊ အလုပ်သည်လည်းကောင်း မကြီးပွားနိုင်။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

စာအုပ်နှစ်မျိုး

မိမိဉာဏ်အမြင်ကျယ်မှုအတွက် တိုးတက်လိုသူတိုင်း အထူးဂရုပြုရပေမည်။ ဉာဏ်အမြင် ကျယ်ရန် နည်းလမ်းကောင်းများမှာ တော၊ တောင်၊ ရေ၊ မြေ၊ ကြယ်၊ လ၊ နက္ခတ်၊ တာရာ စသော သဘာဝတရားများကို ကြည့်ရှုစဉ်းစား ဆင်ခြင်နေခြင်းပင်လျှင်၊ မိမိအကြံအစည် စိတ်ကူးဉာဏ်များ ရင့်သန်လာနိုင်လေသည်။

ဤကမ္ဘာဓမ္မတာ သဘာဝစာအုပ်ကြီးကား မိမိလိုရာကို ဖြစ်စေနိုင်သော၊ အကြံဉာဏ်ကို ပေးနိုင်သော စာအုပ်ကြီးဖြစ်သဖြင့် ထိုကမ္ဘာ့ဓမ္မတာ သဘာဝစာအုပ်ကြီးကို သာမန်လူတို့ မကြည့်နိုင်ကြချေ။ လောက၌ပေါ်ပေါက်နေသော စက္ကူစာအုပ်များကို ကျေပြွန်အောင် ကြည့်ရှုလေ့လာ ဆည်းပူးခဲ့သူများသာ ထိုသဘာဝစာအုပ်ကြီးများကို ဖက်ရှုနိုင်လေသည်။ အကယ်၍ မိမိသည် ထိုကမ္ဘာ့သဘာဝစာအုပ်ကြီးကို ဉာဏ်မမှီ၍ မကြည့်ရှု့ မဖက်တတ်ချေက မိမိလုပ်ငန်းနှင့်ဆိုင်သော အလုပ်များအတွက် ရိုက်နှိပ်ထားသော စာအုပ်စားတမ်းများကို ၀ယ်ယူဖက်ရှုမှ လက်ရှိအခြေအနေထက် တိုးတက်နိုင်လေသည်။

ထို့ကြောင့် မိမိသည် မည်သည့်အခြေအနေ၌ ရှိစေကာမူ တက်ခေတ်ကြီးဖြစ်၍နေသည်နှင့် အညီ မိမိနှင့်ဉာဏ်ရည်တူများ မိမိထက်မသာနိုင်ရန် မိမိသည် ထိုစာအုပ်(၂)မျိုးကို အစဉ်လက် ကိုင်ထား၍ ဖတ်ကြားမှတ်သားနေရမည်။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

ကိုရင်လေး
၂၁.၈.၂၀၁၁

Read more...

Tuesday, August 16, 2011

သင်ဘယ်လိုလူစားလဲ





ကီဒိသောယံ ကတံကိံမေ၊ ကတံနု ယုတ္တကံသိယာ။

ဣစ္စေတံ သမ္မသိတွာန ၊ ယုတ္တာ ယုတ္တံကရေ ဇဟေ။



အဟံ-ငါသည်။ ကီဒိသော-အဘယ်သို့သဘောရှိပါသနည်း?

မေ-ငါသည်။ ကိံ-အဘယ်အမှုမျိုးကို။ ကတံ-ပြုလုပ်အပ်ပါသနည်း?

ကတံ-ငါလုပ်ထားတဲ့အလုပ်သည်။ ယုတ္တကံသိယာနု-သင့်မှသင့်ရဲ့လား ?

ဣစ္စေတံ-ဤသို့ ငါဘယ်လိုလူစားလဲ? ငါဘာလုပ်မိသလဲ? ငါလုပ်တာမှန်ရဲ့လား? ဆိုတဲ့အချက်သုံးချက်ကို။

သမ္မသိတွာန-နေ့စဉ် နေ့စဉ် ဆင်ခြင်သုံးသပ်ပြီး၍

ယုတံ္တ-သင့်တာကို

ကရေ-ဆက်လုပ်ရမယ်။

အယုတ္တံ- မသင့်တာကို၊

ဇဟေ-နောက်ဆုတ် စွန့်ပစ်ရာ၏။




ငါ…….. ဘယ်လိုလူစားလဲ

ငါ ဘာလုပ်မိသလဲ?

မှန်ရင်ဆက်လုပ်။

မှားရင်နောက်ဆုတ်။



ကိုရင်လေး
၁၆.၈.၂၀၁၁

Read more...

Saturday, August 13, 2011

ရှင်သန်နေတဲ့အမေ

ရှင်သန်နေတဲ့အမေ





 
အသေအချာပြေးပြီး တွေးဆရင်

အဝေးကြီးမဝေးလှသေးပါဘူးအမေ

ခရီးအဝေး အနီးလေးသာရှိသေးတဲ့ဖြစ်စဉ်မှာ

ချစ်ခင်စရာ သားပျိုကို ထားသိုခဲ့သူဟာ အမေပါ။



အမေ့ဝမ်းတွင်း နေထိုင်ရင်းပင် အဖေ့ရင်အုံကိုယ်ငွေ့လှုံကာ

မေတ္တာဘုံကြား ခိုလှုံနားယူချိန်ဟာ မြူတိမ်လွှာကင်းပျောက်

ဝင်းတောက်တဲ့လမင်းအောက် ရောက်နေသလိုပဲအမေ

ဘ၀ရဲ့အလင်း အေးမြခြင်းရဲ့ရသ

လှပတဲ့ဘ၀တစ်ခု ထုဆစ်ခဲ့တာအမေပါ…..

 
သားသမီးပင် မသိခင် ချစ်စိတ်ဝင်ခဲ့တာလည်း အမေပဲ

ကိုးလဆယ်လ သန္ဓေခ လွယ်ခဲ့ရတာလည်းအမေပဲ

သန္ဓေသားဖွားခန်း ခရောင်းလမ်းကို

မညောင်းတမ်းလျှောက်ခဲ့သူဟာ အမေပါ

စေတနာဇောကြွ ကြေငြာပြောပြရရင်

လောကထဲကိုဝင်ဖို့

သားတို့ရဲ့ သံတံခါးပေါက်

စံထားလောက်တဲ့သူပါ…

အမေ့ကိုအခြေပြုလို့ ဤမြေထုပေါ်ရောက်ခဲ့တာ

အမေသာမရှိရင် အသေအချာသိချင်တယ်

လောကကြီးဘာဖြစ်သွားမလဲလို့

သြော် အမေရယ်…

ဥပေက္ခာ မြေပြင်မှာ

မေတ္တာ ရေစင်ရေအေး

မုဒိတာမြေဆွေးကျွေး

ကရုဏာ လေညှင်းအေးကိုရလို့

သားပင်ပျို ထွားရှင်စိုခဲ့တာပါ။



ပြုစုပျိုးထောင် ဟိုးနောင်ရေး

မညှိုးအောင် အကျိုးဆောင်ပေးတဲ့အတွက်

အမေဆိုတာ ဥယျာဉ်မှူး အထူးအမြင်စူးကာ

လက်ဦးဆရာရှေ့ကဆောင် မကွေ့အောင်လမ်းပြ

ဆုံးမြပဲ့ပြင် သွန်သင်ပေးခဲ့တဲ့ အမေ့ကျေးဇူး

မမေ့သေးဘူးဆိုတာ ယုံပါအမေ။



လောကကြီးထဲ ဘာတွေပဲ ဆွဲထုက်ဆွဲထုက်

ကျဲစုတ်မကျန် ပုံစံမပျက်ဘူး ဒါပေမယ့်..

သားအမြင် သားအထင်မှာ

အမေ့ကို ဖယ်ရှားရင် လောကကြီး ကွယ်သွားလိမ့်မယ်

အမေ့ကို ဖယ်ထုက်ရင် လောကကြီး ကွယ်မြုပ်လိမ့်မယ်

ဒီလောက်ထိ အလေးထား အရေးပါအရာရောက်

အားထားလောက်တဲ့အမေ မပျောက်မပျက်စေရပါဘူးအမေ

သို့သော် အမေဆိုတာ သင်္ခါရနယ်သား

အစဉ်ထာဝရကွယ်မသွားပါဘူး အမေရယ်……



တကယ်တော့ အမေဆိုတာ

ချစ်ခြင်း မေတ္တာ သနားခြင်းကရုဏာ

ဝမ်းသာခြင်းမုဒိတာ ခွင့်လွှတ်ခြင်း ဥပေက္ခာနဲ့

တကယ်ကြီးမာ ဖွဲ့စည်းထားတဲ့

အမုန်းမဲ့သခင် အဆုံးမဲ့ဘုရင်ပါ။



မြင့်မိုရ်ထက် မြင့်မားတာ အမေ့မေတ္တာ

သမုဒ္ဒရာထက် နက်ရှိုင်းတာ အမေ့ကရုဏာ

ကောင်းကင်မဆန့် ပျံ့နှံ့တာ အမေ့မုဒိတာ

မြေပြင်ထက်ဟီး ထုတည်ကြီးတာ အမေ့ဥပေက္ခာ

အို………… အနန္တပါကွယ်



အချိန်အတိုင်းအတာ နှိုင်းရှာဖွေဆက်

ရေတွက်ကြည့်အုံး အဆုံးမမြင် ဒီဂုဏ်အင်ကြောင့်

စမ်းကတာ စမ်းထဲမှာ

အမေ့မေတ္တာစမ်းဟာ အအေးမြဆုံးပါ အမေ

ပန်းကတာ ပန်းထဲမှာ

အမေ့ ကရုဏာပန်းဟာ အမွှေးဆုံးပါ အမေ

နန်းတကာ နန်းထဲမှာ

အမေ့ မုဒိတာန်းဟာ အနွေးဆုံးပါ အမေ

လမ်းတကာ့ လမ်းထဲမှာ

အမေ့ ဥပေက္ခာလမ်းဟာ အဖွေးဆုံးပါ အမေရယ်……



အများအမြင်မျာ သနားကြင်နာတဲ့

အမေနဲ့ခွဲခွါ နှစ်တွေကြာပြီကွယ်

နှစ်တွေကြာလည်း အသစ်တွေပါပဲ

အချစ်တွေဖြာဆဲဆိုတာ အမေသိပါစေ……..



ကျေးဇူးမသိသူတွင် ရှင်သူပင်ပျောက်သော်လည်း

ကျေးဇူးသိသူအတွက် ပျောက်ပျက်တာမရှိ

အသိထဲမှာ အမေရှိဆဲပါလေ………



ခန္ဓာအမေ ပြန်ရှာပေမဲ့

အကြင်နာ မိုးရေ မေတ္တာအမေ

ရင်မှာဖြိုးစွေ ကရုဏာအမေ

အစဉ်သာတိုးနေ မုဒိတာအမေ

အပင်မှာမညှိုးပေ ဥပေက္ခာအမေကတော့

အသွင်သဏ္ဍာန်ဖုံး ရှင်သန်တုန်းပါပဲအမေရယ်…….

 
အဟောင်းနေရာ အသစ်ဆက်

ဖြစ်ပျက်ပြောင်းလဲ လောကထဲမှာ

မပြောင်းတဲ့မေတ္တာ

မနှောင်းတဲ့ ကရုဏာ

မဟောင်းတဲ့ မုဒိတာ

မစောင်းတဲ့ ဥပေက္ခာ တရားတွေနဲ့

ထုဆစ်ကာထားတဲ့ အမေ့ပုံကို

တွေ့ဆုံလေတိုင်း

မျက်ရည်ဝိုင်းရပါတယ် အမေရယ်……..



ကာလတာရှည် ကြာပြီအမေ

ရာသီတွေဟောင်း ပြောင်းလဲမှုရဲ့သင်္ကေတ

အတိက်မှပစ္စုပ္ပန် ပစ္စုပ္ပန်မှအနာဂတ်

အခါမလပ်တွယ်ကပ် လည်ပတ်နေတဲ့ပုံစံဟာ ပုံမှန်ပါအမေရယ်

(ဒါပေမယ့်) ပုံမှန်ကို စုံကန်

ထုံးစံကို ရုန်းကန်တထယ်လို့ အပြစ်တင်စောပါစေ

ချစ်ကြင်ဇောနဲ့အမေ့ဟန်

သစ်လွင်နှောတဲ့ အမေ့သဏ္ဍာန်ကတော့

ပစ္စုပ္ပန်မှ ပစ္စုပ္ပန်

အတိက်မှာ မကျန် အတိက်သံမရှိ

အသိနဲ့ အမြင်မှန် ရှင်သန်နေဆဲပါအမေ

ရှင်သန်နေဆဲပါ……….



မြင့်မိုရ်တောင်ကြေ သမုဒ်ရေခန်းခြောက်

ကမ္ဘာကြီး ပျောက်ပျကသွားလဲ

အမေနဲ့ သားသမီးကြားထဲ

အဆီးအတားလဲ မထား

တသားတည်း တစားတည်း

တထပ်တည်း တစပ်တည်း

တခုတည်း တစုတည်း

တပြိုင်တည်း ခိုင်မြဲရှင်သန်နေတယ်ဆိုတာ

အမေသိပါစေ အမေရယ်…. အမေသိပါစေ..



တက္ကသိုလ်ကိုသု

Read more...